ကျောင်းကန်ဘုရားနှင့်စိမ်းလာကြသဖြင့် ဘာသာတရားတော်အနေဖြင့်လည်း တိမ်းလာကြပါတော့သည်။ ယင်းသို့ ဥပုသ်နေ့မှန်းမသိခြင်း၊ ကျောင်းကန်ဘုရားတို့နှင့် စိမ်းလာခြင်းတို့သည် မည်သူတို့၏ တာဝန်ပါ နည်းဟု မေးခဲ့သော် ယနေ့လူကြီးမိဘတို့၏ တာဝန်ဖြစ်ပါသည်ဟု အမှန်အတိုင်း ဖြေရမည်ဖြစ်ပါသည်။
ယနေ့ဗုဒ္ဓဘာသာဝင် လူကြီးမိဘ အများစုတို့သည် ကျောင်းကန်ဘုရားသွားဖို့ကို ကျူရှင်သွားဖို့လောက် အရေးမကြီးဟု ထင်မြင်ယူဆလက်ခံ လာကြပါသည်။ ဤသို့ဖြင့် ဘုရားဝေး တရားဝေးရသော လူငယ်လူမိုက် ကလေးတို့ ပေါများလာရပါသည်။ သားသမီးများ မနိုင်လောက်အောင် ဆိုးသွမ်းလာမှ အရပ်ကယ်ပါ လူဝိုင်းပါဟု အသံပြာလာကြပါသည်။
ထို့ကြောင့် လူငယ်များ အပတ်စဉ် ကျောင်းကန်ဘုရားသို့ ရောက်ရှိနိုင်မည့် အသင့်တော်ဆုံးနည်းလမ်းမှာ သီရိလင်္ကာနိုင်ငံမှာကဲ့သို့ (Dhamma School) ဓမ္မစကူးလ်များ အမြို့မြို့အနယ်နယ်တိုင်းတွင် ဖွင့်လှစ်ပေးနိုင်ရေးပင်ဖြစ်ပါတော့သည်။
ယင်း(Sunday School) ကို ၁၈၈၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် အမေရိကန်နိုင်ငံသား Henry Olcott ဟင်နရီအောလ်ကော့(သာသနာ့အလံကို တီထွင်သူ)က အခက်အခဲပေါင်းများစွာကို ကျော်လွှာပြီး ကိုယ့်အားကိုယ်ကိုးဖြင့် စတင်၍ တည်ထောင်ခဲ့ပါသည်။ (On 13th February 1881, the first Buddish Sunday School was started at the Society's premises in Maliban Street) နောက်ပိုင်းကျမှ နိုင်ငံတော်အစိုးရက တာဝန်ယူဆောင်ရွက်လေသည်။ ယခုဆိုလျှင် နှစ်ပေါင်း (၁၀၀)ကျော်သွားပေပြီ။ ယနေ့တိုင်းပြည်၌ အုပ်ချုပ်နေကြသည့် သမ္မတ၊ ၀န်ကြီးအပါအ၀င် ဗိုလ်ချုပ်ကြီးများ သည်ပင် ယင်း(Sunday School) ကျောင်းဆင်းများ ဖြစ်ကြပေသည်။
(Sunday School) ဟူသည်မှာ တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓ၀င်၊ ရာဇ၀င်၊ ယဉ်ကျေးမှု စသည်များကို အထူးသင်ပေးသောကျောင်းဖြစ်ပေသည်။ ယင်းကျောင်းများသည် ပုဂ္ဂ္ဂလိကပိုင်မဟုတ်ကြ။ နိုင်ငံတော်အစိုး ရကိုယ်တိုင်က ပညာရေးစနစ်ကို သတ်မှတ်ပေးပြီး စည်းမျဉ်းဥပဒေနှင့်အညီ ဖွင့်လှစ်ပေး ထားသော ကျောင်းများဖြစ်သည်။ ယင်းကျောင်းများကို နေရာရွေးချယ်ရာတွင်တော့ ဘုန်းကြီးကျောင်းများ၌ စွမ်းဆောင်နိုင်သော ကျောင်းထိုင်ဘုန်းကြီးများသည် (Sunday School)၏ ကျောင်းအုပ်ဖြစ်ပြီး အနည်း ငယ်သော ကျောင်းများမှာတော့ ကျောင်းထိုင်ဘုန်းကြီးများက ပံ့ပိုးမှုအပိုင်းလောက်သာ တာဝန်ယူကြပါ သည်။ ဤအချက်ကို ထောက်ဆ၍ ကလေးသူငယ်များကို သင်ပေးနိုင်ရန်အတွက် ဘုန်ကြီးများကိုယ် တိုင်က လောကီလောကုတ် စွယ်စုံတတ်ဖို့ လိုသည်ဆိုသည်ကို သတိမူသင့်၏။
ယင်း(Sunday School)ကျောင်း၌ လူပုဂ္ဂိုလ်များ ဆရာ၊ ဆရာမဖြစ်ဖို့အတွက် ဆရာဖြစ် သင်တန်းဟူသော သီးသန့်စာမေးပွဲတစ်ခုကို ဖြေဆိုကြရသေး၏။ ယင်းစာမေးပွဲကို အောင်မြင်မှသာ များသောအားဖြင် ဆရာဖြစ်ကြပါသည်။ (Sunday School)၌ သင်ပေးကြသော ဆရာ၊ ဆရာမတို့သည်ကား စေတနာ့ဝန်ထမ်း တို့သာတည်း။
ယင်းဆရာဖြစ်သင်တန်း၌်-
၁။ ကုသိုလ်ကံ အကုသိုလ်ကံ၊ ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုးတရား။
၂။ ခန္ဓာ၊ အာယတန၊ ဓါတ်၊ သစ္စာ။
၃။ ပဋိစ္စသမုပ္ပါဒ်၊ သမထ ၀ိပဿနာ တို့ သင်ကြားရပါသည်။
သီရိလင်္ကာနိုင်ငံရှိ ကလေးသူငယ်များသည် အစိုးရကျောင်းများ၌ ၅-နှစ်အရွယ်မှပင် စတင်ပြီး ပညာသင်ယူကြရပြီး (Sunday School) ကို အစိုးရကျောင်းများက သူငယ်တန်းဆိုလျှင်လည်း၊ (Sunday School) ကို-
၁။ သူငယ်တန်း (Primary)
၂။ (၁)တန်း မှ (၁၀)တန်း (Grade 1 to Grade 10)
၃။ နောက်ဆုံးအဆင့်(၁)၊ အဆင့်(၂) (Final 1,2) ဟု အတန်းပေါင်း (၁၃)တန်း ခွဲခြားပြီး သင်ကြားပေးပါသည်။
ပြဠာန်းထားသည့်စာပေများမှာ ငါးရာ့ငါးဆယ်လာ ဇာတ်တော်များ၊ ဓမ္မပဒလာဘုရားလက်ထက်က အဖြစ်အပျက်များ၊ ယင်းအကြောင်းကို ရေးသားထားသည့် ကဗျာများ၊ ပါရမီ(၁၀)ပါးအကြောင်း၊ ဒါန သီလ စသော ပုညကိရိယ၀တ္တု(၁၀)ပါးတို့၏အဓိပ္ပါယ်၊ ဘုရားဖြစ်စဉ် ဗုဒ္ဓ၀င်အကြောင်း၊ ပရိတ်ကြီးပါဠိနှင့် အဓိပ္ပါယ်၊ သတ္တနိပါတပါဠိလာ မှတ်သားဖွယ် တရားများ၊ သီရိလင်္ကာဗုဒ္ဓဘာသာသမိုင်း၊ ဗုဒ္ဓဘာသာနှင့် ပတ်သတ်သည့် ရှေးဟောင်းယဉ်ကျေးမှုဗိသုကာအကြောင်း၊ ရှေးဘုရင်တို့၏ အောင်ပွဲနှင့် စစ်သူကြီးများ၏ အစွမ်းသတ္တိစသည်တို့ကို ဖော်ပြထားသည့် ရာဇ၀င်များ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာ တို့၏ ကွဲပြားခြားနားပုံတို့ ဖြစ်ပါသည်။ ယင်းပြဠာန်းစာတို့ကို အတန်းအားလျော်စွာ သူ့အဆင့်နှင့်သူ ခွဲခြား ပြီးသင်ကြားပေးပါသည်။
ယင်းပြဠာန်းစာတို့ကို မိခင်ဘာသည်ဖြစ်သည့် ဆင်ဟာလဘာသာနှင့် သင်ကြားပေး၏။ တချို့(Sunday School) တို့၌ အင်္ဂလိပ်စာဒီပလိုမာတန်းကိုပင် ဖွင့်လှစ်ထား၏။ အတန်းတိုင်းအတွက် သင်ရိုးပြဠာန်းစာအုပ် တွေကိုလည်း သာသနာရေးဝန်ကြီးဌာနက ရိုက်နှိပ်ထုတ်ဝေပြီး အခမဲ့ ဖြန့်ဝေ၏။ ယင်း(Sunday School) စာမေးပွဲများကို သာသနာရေးဝန်ကြီးဌာနကပင် တာဝန်ယူပြီး ဒီဇင်ဘာလ ပထမပတ်မှာ ကျင်းပပေးပါသည်။

No comments:
Post a Comment