Thursday, June 6, 2013

Sunday School ကျောင်းတတ်ပုံအစီအစဉ်

 ကျောင်းသူ ကျောင်းသားများသည် တနင်္ဂနွေနေ့ရောက်ပြီဆိုလျှင် နံနက်(၇)နာရီလောက်မှစပြီး ကျောင်းသို့ လာကြ၏။ ကျောင်းတတ်သည့်အခါ အထက်အောက် နှစ်ခုစလုံးအဖြူရောင်ဝတ်စုံများကို ရိုးရာဓလေ့များ အတိုင်း ၀တ်ဆင်ကြရ၏။ အကြောင်အကျားအရောင်မျိုးစုံနှင့် ခေတ်ဆန်ဆန်အ၀တ်အစားများကို မ၀တ်ကြ ရပါ။ နိုင်ငံတော်အစိုးရကလည်း Sunday School ၀တ်စုံဆိုပြီးတော့ သီးသန့်သတ်မှတ်ပေး ထား၏။ ယောက်ျားလေးများအတွက် လည်ကတုံး လက်ရှည်ရှပ်အင်္ကျီအဖြူနှင့် လုံချည်အဖြူဖြစ်ပြီး မိန်းကလေးများအတွက်မှာ  Half ဆာရီဆိုသည့် ရိုးရာအဖြူဝတ်စုံ ဖြစ်ပါသည်။ 
 ဘုန်းကြီးကျောင်းသို့ ရှေးဦးစွာ ရောက်ရှိလာကြသော ကျောင်းသားကျောင်းသူများက ကျောင်းဝင်းအတွင်းရှိ ပန်းပင်များမှ ပန်များခူးပြီးတော့ ရေးဆေးကြ၏။ တချို့က မိမိတို့အိမ်မှပင် ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်တို့ကို ယူဆောင်ခဲ့ကြ၏။ ယင်း ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ သောက်တော်ရေ စသည်တို့ကို ဗောဓိပင်အနီးရှိ ပန်းတင်ခုံပေါ်မှာ စီထားကြသည်။ 
 စာသင်ခန်းသို့ မ၀င်မီ နံနက်(၈)နာရီ(၃၀)မိနစ်မှာ သြ၀ါဒခံယူပွဲကို ကျင်းပသေး၏။ ကျောင်းသူကျောင်း သားအားလုံး ဗောဓိပင်ကြီးရှေ့မှာ စီတန်းပြီး အတန်းလိုက်ရပ်ကြရ၏။ အလှည့်ကျဖြစ် သည့် ကျောင်းသူ၊ ကျောင်းသား (၁၀)ယောက်၊ (၁၅)ယောက်ခန့်က အမွှေးတိုင်၊ ပန်းခြင်းတို့ကို တန်းစီယူဆောင်လာပြီး ကျောင်းသူ ကျောင်းသားတို့အား တစ်ယောက်ချင်းလက်နှင့်ထိစေ၏။ ပြီးမှ ဗောဓိပင်ရင်းရှိ ရုပ်ပွားဆင်းတုတော်ရှေ့မှာ ပူဇော်ကြပါသည်။ 
 ထိုသို့ဘုရားကို ပူဇော်ပြီးသောအခါမှသာ ကျောင်း၌ သီတင်းသုံးနေသည့် ရဟန်းတစ်ပါးထံ ငါးပါးသီလကို ခံယူဆောက်တည်ကြပါသည်။ ထို့နောက် ရဟန်းတော်နှင့် ကျောင်းအုပ်ဆရာက ကျောင်းသူကျောင်းသား များကို သြ၀ါဒစကားများကို ပြောကြားပါသည် (ယင်း သြ၀ါဒခံယူသည့် အခမ်းအနားမှာ အချိန်(၄၅)မိနစ် ခန့်လောက်ကြာ၏)။ ပြီးမှ စာသင်ခန်းအတွင်းသို့ ၀င်၍ စာသင်ကြရပါသည်။
 နေ့မွန်းတည့်ခါနီး (၁၁)နာရီအချိန်မှာ အားလပ်ချိန်(၁၀)မိနစ်ခန့် အနားပေးပြီး ပေါင်မုန့်၊ လက်ဘက်ရည် စသော မုန့်ပဲသရေစာတို့ကို ဝေငှပါသည်။ ထိုမုန့်ပဲသရေစာများကို အလှူရှင်ရှိလျှင် အလှူရှင်က အလှူရှင် မရှိလျှင် ကျောင်းထိုင်ဘုန်းကြီးများက ကျွေးမွေးကြပါသည်။ ထို့နောက် စာသင်ခန်းသို့ ပြန်ဝင်ကြ ပြီး နေ့လည်(၁၂)နာရီ မိနစ်(၃၀)အချိန်၌ သင်ကြားမှု အစီအစဉ်အားလုံး ပြီးဆုံးသွားပါသည်။
 သင်တန်းပြီးဆုံးချိန်မှာ ကျောင်းသူ၊ ကျောင်းသားများသည် စာသင်ခန်းထဲမှပင် ဗောဓိပင်ရှိရာဘက်သို့ မျက်နှာမူပြီး ရှေးဦးစွာမေတ္တာပို့၊ ထို့နောက်မှ ဗောဓိပင်ကို ပူဇော်ကြရပါသည်။ ယင်းသိုပ ပူဇော်ပြီးသော အခါမှသာ စာသင်ခန်းတွင်းမှ အားလုံးထွက်ခွာကြရပါသည်။

No comments:

Post a Comment